Tuesday, December 23, 2008

EQ လား IQ လား

3 comments
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။ သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။ ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။ နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။ ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။ မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။ သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။ လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။

×××××××××××
-ရွှေအောင်

Wednesday, December 17, 2008

ကျုပ်ဗျ

8 comments
ကျုပ်စဉ်းစားကြည့်မိတယ်။ တာဝန်ယူလိုစိတ်တဲ့။ ဒါကိုစဉ်းစားတော့ တာဝန်ဆိုတာဘာလဲ။ တာဝန်ဆိုတာ သေခြာမသိရင်တာဝန်ယူလိုစိတ်ဆိုတာသိတော့မှာမဟုတ်ဘူး။ တာဝန်ဆိုတော့ ကျုပ်ဘာကိုပြေးမြင်သလဲ
ဆိုရင်ရွှေပြည်ကြီးကတက္ကသီလာအပေါက်ဝမှာရပ်နေတဲ့ ဆရာ၊ ဆရာမလေးတွေကိုပြေးမြင်တယ်ဗျ။ သိဘူးလေဗျာ။ သူတို့လက်မောင်းမှာတာဝန်ဆိုတဲ့လက်ပတ်အနီရောင်လေးတွေပတ်ထားမဟုတ်လားဗျ။ ဟောနောက်တစ်မျိုးက ဘုရားပွဲဈေးတန်းလေးမှာ တာဝန်လက်ပတ်လေးဝတ်ပြီးရောက်ရောက်..ရောက်ရောက်
လျောက်သွားနေတဲ့ အရောင်စုံ(များလွန်းလို့နာမည်မရွတ်နိုင်ပါ)လူတွေ။

ဒီလူတွေဟာတာဝန်လက်ပတ်တွေဝတ်ထားလို့ တာဝန်ရှိသူတွေလား။ သူတို့မှာတာဝန်ရှိတယ်လို့ယူဆ သလို တာဝန်ယူလိုစိတ်အမှန်ရှိသလား။ စဉ်းစားကြည့်တာပါ။ ကျုပ်တို့တွေ နေ့စဉ်နဲ့အမျှတွေ့နေရတာက တာဝန်ရှိသူတွေ။ တာဝန်ယူလိုသူတွေမဟုတ်ဘူးဖြစ်နေတယ်။နည်းနည်းတော့ရှုပ်နေ ပြီ။ ဒီရွှေအောင်ဆိုတဲ့ကောင် ဟာလေဘာတွေပြောနေမှန်းကိုမသိဘူးလို့ထင်မယ်။ ဟုတ်တယ်ဗျ အမှန်တော့ကျုပ်ကိုယ်တိုင်လဲသိပ်မရှင်း သလိုဖြစ်နေလို့ဒီစာလေးချရေးကြည့်တာဗျ။ သိသူတွေရဲ့အကြံဥာဏ်လေးဘာလေးများရလေမလားလို့။ ဦးနှောက်ဖောက်စားခြင်းဆိုလား။ ပြုတ်စားခြင်းဆို လားသိပါဘူးဗျာ။ ထားလိုက်တော့။ ရှိစေ။

လူတွေဟာ(ကျုပ်အပါအ၀င်)တာဝန်ရှိသူနေရာမှာနေရရင်သိပ်ဘ၀င်ခိုက်တာပေါ့။ မင်းကွာ အသုဘမှာ
လှည်းဆွဲ တဲ့နေရာမှာကြီးကြပ်လိုက်ကွာဆိုရင်တောင်ငါနေရာရပြီဆိုပြီးပျော်တဲ့အမျိုးမဟုတ်လားဗျ။ :D …အသုဘလှည်းကြီးတွန်းတာတော့ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးလေ။ ဟောလမ်းမှာလှည်းပြဿနာတက် ပြီဆိုလို့ကတော့ဟိုလူမူးနေလို့၊ ဒီလူကတော့ကောင်းကောင်းမတွန်းလို့ ဆင်ခြေဆင့်လက်ဆင့်နားရွက်တွေ ကပေါ်လာပြီ။ ဒါငါမဟုတ်ဘူး ငါကသူသောက်လာမယ်မှမထင်တာ၊ ဟိုတစ်ယောက်ကလဲ ကောင်းကောင်း
မတွန်းတတ်မှန်းငါမှမသိတာ။ ရောခက်ပါရောလား။ ဒီလိုဒီလိုအရှောင်အတိမ်းဂျစ်ပစီဂျိမ်းလုပ်ကြပါရောလား။ တခါသားမှာဟောလီးဝုဒ်က ကလေးမ(နာမည်တော့မရေးတော့ဘူး သူလေး သိက္ခာအတွက်)ကိုယ်လေးလက်ဝန်ရှိပါရောလား( မရိုသေ့စကား) ။ ကျုပ်ငရွှေအောင်လဲ ကျုပ်နှင့် ကလေးမမည်သို့မှမပတ်သတ်ကြောင်းငြင်းချက် ထုတ်ခဲ့တာကလား။ ကျုပ်လဲဒီလိုပဲဗျ။ တာဝန်ရှောင် ချင်တာများပြောပါတယ်။ ကိုယ်အထုတ်ကိုယ်ဖြေချ လိုက် တာ။ ဟိဟိ။

ကျုပ်တို့အလုပ်တစ်ခုလုပ်တဲ့အချိန်မှာဘယ်အရာကိုမှကြိုတွက်မထားနိုင်ဘူးဆိုတာကျုပ်တို့အားလုံးမေ့ထားလို့မရ
ပါဘူး။ ကျုပ်တို့လုပ်မယ့်အလုပ်နဲ့ဖြစ်လာနိုင်ခြေအများဆုံး ကိုကြိုတွက် ဒါလောက်ပဲတတ်နိုင်ကြမှာပေါ့။ ဂေါတမမြတ်စွာဘုရားဟာ(ဟာဒီကောင်တော့မဆိုင်တဲ့အပေါက်ဂလိုင် နဲ့ခေါက်နေပြန်ပြီ…ဘေးကသြ ဘာပေး တာ) ၀ိနည်းသိက္ခာပုဒ်တွေပညတ်တာဟိုးဘုရားစပွင့်တည်းက ပညတ်ခဲ့တာမှမဟုတ်ဘဲပဲ။ ဒီလိုဆိုတော့ လုံးစုံသိပါတယ်ဆိုတဲ့မြတ်စွာဘုရားကဒါတွေကြိုမမြင်လို့လား။ မဟုတ်ပါဘူး။ အလုံးစုံကိုမြင်ပြီးသားပါ။ ရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်မျိုးက၀ိနည်းသိက္ခာပုဒ်ပညတ်ဖို့ တောင်းဆိုတာတောင်မြတ်စွာဘုရားကပယ်ချ တော်မူပြီးလိုအပ်မှပညတ်မယ်လို့ဆိုမဟုတ်လားဗျ။ မြတ်စွာဘုရားတောင်မှဝိနည်းကိုလိုအပ်မှထုတ်ရင် ကျုပ်တို့သာမာန်လူသားတွေလိုလဲလိုအပ်မှ စည်းကမ်းလေးတွေထုတ်တာတော့မှားမယ်မထင်ဘူးဗျ။ အဲအဲ..တစ်ခုတော့ရှိတာပေါ့ဗျာ ဖြစ်ပြီးတာတွေကိုတော့ဂျစ်ပစီဂျိမ်းမလုပ်ကြေးပေါ့။ ဟုတ်ဘူးလား။

လူတွေ..လူတွေမှကျုပ်တို့လိုအန္ဓပုထုဇဉ်တွေဗျာဘယ်မှာအမှားကင်းနိုင်မှာတုန်းဗျ။ မှားပြီဟေ့ဆိုမှဖြင့် ငါ့နှယ်ကွာကြိုမသိရကောင်းလား ဟိုလူဒီလူအပြစ်တင်နေမှာလား။ ဟုတ်ပြီဒါဆိုတာဝန်ဆိုတာလေးကို
ပြန်ဆက်ကြည့်ရအောင်။ တာဝန်ယူတယ်ဆိုတဲ့နေရာမှာတာဝန်ယူခြင်းနဲ့တာဝန်ပေးအပ်ခြင်းနှစ်မျိုးရှိ တယ်ဆိုပါဆို့ဗျာ။ နှစ်မျိုးထက်ပိုကောင်းပိုမယ်။ ကျုပ်ပြောချင်တာကဒီနှစ်မျိုးအကြောင်း။

တာဝန်အပ်နှင်းခံရပြီဆိုမှဖြင့်ဒီပုဂ္ဂိုလ်ဟာအပ်နှင်းခံတာဝန်နေရာအတွက်တာဝန်ရှိသလိုဖြစ်ပေါ်လာတဲ့ ကောင်းကျိုးဆိုးကျိုးတွေအပေါ်မှာပါတာဝန်ယူရတော့မယ်။ ဒါပေမယ့်သူ့ကိုတာဝန်ပေးအပ်သူဟာလဲ ဒီပေါ်မှာတာဝန်အထိုက်အလျှောက်ရှိနေတယ်ဆိုတာလုံးဝမေ့လို့မရပါဘူး။ ဘာလို့လဲဆိုတော့သူဟာ
ဒီတာဝန်ကိုပေးအပ်ခဲ့တဲ့လူဖြစ်နေလို့။ တာဝန်အပ်နှင်းသူဟာတာဝန်အပ်နှင်းခံပုဂ္ဂိုလ်ကိုရွေးချယ်ခွင့် ရှိသလို၊ ရွေးချယ်နိုင်တဲ့အရည်အချင်းရှိနေလို့ပဲ။ ဒီအခွင့်အရေးရော အရည်အချင်းပါပိုင်ဆိုင်ပါလျက်
ပြဿနာကိုရင်ဆိုင်ပုံမမှန်ရင်ဘယ်လိုလဲ။ ဒီကိစ္စမျိုးမှာတာဝန်အပ်နှင်းသူရော တာဝန်လက်ခံသူရော တာဝန်ယူရမယ်လို့ကျွန်တော်မြင်တယ်ဗျ။

ဒီကိစ္စမျိုးအတွက်ဆိုရင် အမေရိကန်သမ္မတကသူ့ ၀န်ကြီး အဖွဲ့ရွေးချယ်သလိုပေါ့ဗျာ။ ဟဟ..ဒီငရွှေအောင် တော့ချီးစိမ်းပန်းတော့မယ်လို့တော့ထောပနာပြုကြ အုံးမယ်။ အမေရိကန်သမ္မတ တစ်ယောက်ရွေးချယ်ခံရ ပြီဆိုရင်ဖြင့်တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြ မဟုတ် လားဗျ။ ဒါနဲ့နောက်ဆက်တွဲသူ့ဝန်ကြီးအဖွဲ့မှာဘယ်သူတွေ ကိုရွေးမလဲကြည့်ကြဆိုသကိုးဗျ။ ဒီအမေရိ ကန်သမ္မတဆိုတဲ့ငနဲကလဲတယ်ပါဝါကြီးသကိုလို့။ အမှန်ကသူရွေးတဲ့ဝန်ကြီးအဖွဲ့ကိုလွှတ်တော်က ပယ်ချနိုင်သတဲ့ဗျ။ ဒါပေမယ့်သမ္မတကြီးသင့်လို့ရွေးထားတာကိုပယ်ချ ခဲ့တယ် ဆိုတာ အမေရိကန် သမိုင်းမှာမရှိဘူးလို့ဆိုတာဗျ။ ဒီဂလောက်..ဒီဂလောက်ကိုပါဝါကြီးတာဗျ။

ဟောနောက်တစ်မျိုးကတာဝန်ယူခြင်း။ ဒါကတော့ပိုပြီးဝန်ကြီးသွားပြီဆိုတာကျွန်တော်တို့အားလုံးသိ ထားရမယ်။ ဟုတ်ပြီဘာလို့တာဝန်ကြီးသွားလဲ။ ဒီတာဝန်ဆိုတာကို ကိုကယူပါမယ်လို့ကြေငြာထားလို့ ပဲ။ တာဝန်တစ်ခုကို ကိုယ်တိုင်ကယူထားလို့ရှိရင်ဒီတာဝန်ပေါ်မှာကိုယ်တိုင်ကတာဝန်ယူလိုစိတ်ရှိရမယ်။ ရှိရမယ်ဆိုတာကိုထပ် ဖြည့်ရရင်ယူကိုယူရမယ်။ ဒီနေရာမှာဘာလို့လဲဆိုတဲ့မေးခွန်းတက်လာနိုင် တယ်။ ဟုတ်ပြီလေအမေးရှိတော့ အဖြေပေးရပေမပေါ့။ အမေးနွားကျောင်းသား အဖြေဘုရားလောင်း တဲ့။ စကားပုံပြောပါတယ်။ အခုကတော့ရွှေအောင်မေး၍ရွှေအောင်ဖြေကဏ္ဍ ဆိုတော့ နွားကျောင်း သားမေး၍နွားကျောင်းသားဖြေသည် ပေါ့ဗျာ။ မဟုတ်ဘူးလား။ ဟိဟိ…။ ကျွန်တော်တို့တွေဟာတာဝန် တစ်ခုကိုယူဖို့ရာကိုတိုင်ဆုံးဖြတ်ခွင့်ရှိတယ် မဟုတ်လား ဗျ။ ဟဲ့ငရွှေအောင်နင်စင်္ကာပူဝန်ကြီးချုပ်လုပ် စမ်း။ အံမယ်..ကျုပ်ကိုဒါမျိုးခိုင်းလို့ရရိုးလား။ လုပ်ဘူးဟေ့လို့အပြတ်ငြင်းလိုက်မှာ။ ကျုပ်ဆိုတဲ့ငရွှေအောင်ကလဲ ကိုယ်ဆန္ဒမပါလို့ကတော့အဲလိုအပြတ်ငြင်း တာဗျ။ ကိုယ့်ဆန္ဒနဲ့ကိုယ်လေ။ ဒီလိုငြင်းခွင့်ရှိတာပေါ့။ ကျုပ်ဆန္ဒများသာရှိလို့ကတော့လူတွေအများကြီးကြားထဲ ဘူ…ခနဲနေအောင်ပေါက်ပြစ်လိုက်တာ။ ဂရုများမစိုက်ပေါင်။

ကဲကဲ…Let start the show..ဩော်..မှားကုန်ပါပြီ..အဆုံးသတ်လိုက်ရအောင်။
ပြီးပြီ…
ဟင်ဒီလိုကြီးလား...ဒီလိုပဲပေါ့..

×××××××××
-ရွှေအောင်

Thursday, December 11, 2008

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း

0 comments
၁၀-၁၂-၂၀၀၈ နေ့ဟာဆိုရင်ကမ္ဘာ့လူသားတွေရဲ့ကိုယ်ပိုင်အခွင့်အရေးတွေအတွက်သတ်မှတ်ပေးတဲ့လူ့အခွင့်အရေးနေ့အဖြစ်
သတ်မှတ်ခဲ့တာနှစ်ခြောက်ဆယ်တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ကမ္ဘာ့လူသားတိုင်း ဟာ ကိုယ့်ရဲ့မွေးရာပါလူ့အခွင့်အရေး တွေရှိတယ်ဆိုတာမမေ့အပ်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းမှာလဲမွေးရာပါလူ့အခွင့်အရေးတွေရှိတယ် ဆိုတာသေခြာသိထားသင့်ပါတယ်။ ဒါကြောင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်သုံးဆယ်မြန်မာပြန်အား လူတိုင်းသိထားသင့်တယ်လို့ယူဆပြီးတဆင့်ပြန်လည်မျှဝေပေးပါတယ်။

အပိုဒ်(၁)။ ။မွေးဖွားသည်မှစ၍လူသားတိုင်းတွင်လွတ်လပ်သောဂုဏ်သိက္ခာနှင့်အခွင့်အရေးများ
တန်းတူညီမျှရှိကြသည်။

အပိုဒ်(၂)။ ။အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ အယူအဆ၊ ဘာသာစကား၊ ကျားမ၊ အဆင့်အတန်း၊
နေရာဒေသမရွေးလူတိုင်းအခြေခံလူ့အခွင့်အရေးကိုတန်းတူညီမျှခံစားခွင့်ရှိကြသည်။

အပိုဒ်(၃)။ ။လူသားတိုင်းလွတ်လပ်လုံခြုံစွာဖြင့်အသက်ရှင်သန်ခွင့်ရှိသည်။

အပိုဒ်(၄)။ ။မည်သူတစ်ဦးတစ်ယောက်ကိုမျှကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။

အပိုဒ်(၅)။ ။မည်သူ့ကိုမှမတရားနှိပ်စက်ခြင်းမရှိစေရ။

အပိုဒ်(၆)။ ။လူတိုင်းတရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။

အပိုဒ်(၇)။ ။လူတိုင်းတရားဥပဒေရှေ့မှောက်တွင်တန်းတူဖြစ်သည်။ ကျောသား၊ ရင်သားမခွဲခြားရ။

အပိုဒ်(၈)။ ။အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။

အပိုဒ်(၉)။ ။မည်သူ့ကိုမှဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။

အပိုဒ်(၁၀)။ ။လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။ လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။

အပိုဒ်(၁၁)။ ။အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမချင်းထိုသူသည်အပြစ်မရှိ။

အပိုဒ်(၁၂)။ ။မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်း၊ အိမ်အတွင်းဝင်ခြင်းမပြုရ။

အပိုဒ်(၁၃)။ ။လူတိုင်းမိမိတိုင်းပြည်အတွင်းလွတ်လပ်စွာသွားလာခွင့်ရှိသည်။

အပိုဒ်(၁၄)။ ။မတရားအပြစ်ပေးပါခံရမည်ဆိုပါကအခြားနိုင်ငံတွင်ခိုလှုံခွင့်တောင်းခံနိုင်သည်။

အပိုဒ်(၁၅)။ ။လူသားတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ်ခံယူနိုင်သည်။

အပိုဒ်(၁၆)။ ။အရွယ်ရောက်ပြီးသားကျား၊ မ တိုင်းမိမိဆန္ဒဖြင့်လပ်ထပ်ခွင့်၊ အိမ်ထောင်ထူထောင်ခွင့်ရှိသည်။

အပိုဒ်(၁၇)။ ။လူတိုင်း ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။

အပိုဒ်(၁၈)။ ။လူတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါကအခြားဘာသာသို့ကူးပြောင်းနိုင်သည်။

အပိုဒ်(၁၉)။ ။လူတိုင်းတွင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။

အပိုဒ်(၂၀)။ ။လူတိုင်းငြိမ်းချမ်းသောနည်းဖြင့်ဖွဲ့ထားသော အဖွဲ့များသို့လွတ်လပ်စွာဝင်ခွင့်ရှိသည်။

အပိုဒ်(၂၁)။ ။လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။

အပိုဒ်(၂၂)။ ။လူတိုင်း လူမှုဘ၀ဖူလုံရေး ခံစားခွင့်ရှိသည်။

အပိုဒ်(၂၃)။ ။လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့်ရှိသည်။ အလုပ်သမားများသမဂ္ဂများသို့ဝင်ခွင့်
ရှိသည်။

အပိုဒ်(၂၄)။ ။လူတိုင်း အပန်းဖြေအနားယူခွင့်ရှိသည်။

အပိုဒ်(၂၅)။ ။လူတိုင်းလုံလောက်သောလူနေမှု အဆင့်အတန်း နှင့် ဆေါ်ကုသခံခွင့်ရှိသည်။

အပိုဒ်(၂၆)။ ။လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။

အပိုဒ်(၂၇)။ ။လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။

အပိုဒ်(၂၈)။ ။လူတိုင်း ဤစာတမ်းပါအခွင့်အရေးများကို လေးစားရမည်။

အပိုဒ်(၂၉)။ ။ လူသားတိုင်းအခြားသူများ၏ အခွင့်အရေးများကိုလေးစားရမည်။

အပိုဒ်(၃၀)။ ။ဤစာတမ်းပါ အခွင့်အရေးများကိုမည်သူမျှမချိုးဖောက်ရ။

လူသားတိုင်း ကိုယ်ပိုင်ဆုံးဖြတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း

×××××××××××××××××××

-ရွှေအောင်

Saturday, December 6, 2008

အသဲကွဲပြီဆိုမှဖြင့်

5 comments
သမီးရည်းစားတွေအတွက်ချည်းပဲမဟုတ်ဘူးနော်။ အခုပြောမယ့် အသည်းကွဲကြောင်းဆိုတာ မိဘ၊ ညီအကို မောင်နှမ၊ သူငယ်ချင်းမိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက် အားလုံး၊ အားလုံးမှာ ဖြစ်တဲ့ သံယောဇဉ်ပါသော မေတ္တာကြောင့်ဖြစ်တာကို ပြောတာ။

အသည်းဆိုတာ ကွဲဖို့သက်သက်ထားတာ ကျနေတာပဲနော်။ ချစ်တဲ့ခင်တဲ့လူတွေ ချစ်ခြင်းပျယ်မှဖြင့် အသည်းက အက်သံပေးတော့တာပဲ။ ကိုယ့်ကို မချစ်တော့လို့၊ ကိုယ့်ကို မတွယ်တာတော့လို့၊ ကိုယ့်ကို နားလည်မပေးလို့၊ ကိုယ် တန်ဖိုးထားတဲ့ လူတွေက ကိုယ့်ကို အလေးအနက်မထားလို့ ........ အို... အကြောင်းပေါင်းများစွာ။ ဘာကြောင့်ပဲကွဲကွဲ ခံစားရတာချင်းကျတော့ တူတာများပါတယ်။ (တို့အချစ်က ပိုတယ် လာမလုပ်နဲ့ :P ) ကမ္ဘာကြီးမှာ ကိုယ့်လောက် အထီးကျန်ခံစားရတဲ့လူ ရှိမလား၊ ကိုယ့်လောက် နာကျင် ကြေကွဲရသူ ရှိမလား၊ ကိုယ့်လောက် ကံဆိုးတဲ့သူ ရှိမလား၊ ကိုယ့်လောက် ပင်ပန်း ၀မ်းနည်းရသူ ရှိမလား၊ ကိုယ့်လောက်........... အဲဒီတော့ စိတ်ညစ်ညစ်နဲ့ သီချင်းနားထောင်မယ်။ ကွာ......... ဒီသီချင်းတွေကလည်း ကိုယ့်အတွက်များ သက်သက် စပ်ထား၊ ဆိုထားသလား အောင့်မေ့ရတယ်။ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ စည်သူလွင်၊ ဇော်ဝင်းထွဋ်၊ ခင်မောင်တိုး၊ မျိုးကြီး၊ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်း၊ ကဗျာဘွဲ့မှူး၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ စိုင်းစိုင်းခမ်းလှိုင်၊ မျိုးကျော့မြိုင်၊ ဂျောက်ဂျက်၊ ဂျေမီ၊ R.ဇာနည်၊ မိုးမိုး၊ မေစပယ်ညို၊ (ကိုယ်ကြိုက်တဲ့ အဆိုတော် မပါသေးဘူးဆိုပြီး နှာခေါင်းမရှုံနဲ့၊ သိသမျှ အတော်များနေပြီ)ဘယ်အဆိုတော်ကိုပဲ နားထောင် နားထောင်၊ ဘယ်စီးရီးပဲ ဖွင့်ဖွင့်၊ ဘယ်နေရာကိုပဲသွားသွား၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကိုယ် အသည်းကွဲတာကို ပိုပြီး သတိရအောင် လုပ်နေသလိုပဲ။

တော်ပြီ၊ တစ်နေရာရာသွားပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို သွားတွေ့မယ်။ စိတ်ပြေလက်ပျောက် (ယောကျာင်္းလေးများ) ဘီယာသောက်မယ်၊ (မိန်းကလေးများ) ဈေးဝယ်မယ်။ သူနဲ့ တွေ့တော့ ကိုယ်ခံစားရတာတွေ မရည်ရွယ်ပဲ ပြောမိပြန်ရော၊ ဘယ်ရောက်ရောက် ကိုယ့် ခံစားချက်ကြီးက ပျောက်နိုင်တယ် မရှိဘူး။ (တကယ်တော့ အဲဒါ မတရားတာ၊ ကိုယ်ခံစားရတာက တစ်ယောက်ယောက်ကြောင့် ဖြစ်ပေမယ့် အဲဒီခံစားမှုကို မျှဝေခံစားရသူက တခြား တစ်ယောက်ဖြစ်နေပြီ၊ တကယ်တမ်း တာဝန်ရှိတာ အခု ပြောနေတဲ့လူမှ မဟုတ်တာလေ)ရောက်ရာနေရာမှာ ဒီလူတွေပဲတွေ့၊ ဒီအရာတွေပဲ မြင်၊ ဒီစကားတွေပဲ ပြော၊ ကိုယ့်အသည်းကြီးကွဲနေတယ်။ ကမ္ဘာကြီးက အလိုက်ကို မသိဘူး။ မေ့ချင်လိုက်တာ၊ ဒီအသည်းအကြောင်း၊ တစ်ယောက်ယောက်ကို ကိုယ် ပြောမှ ဖြစ်မယ်။ Gtalk ပေါ်တက်လိုက်တယ်။ ကိုယ်အရင်က တင်ထားတဲ့ပုံကို ပြောင်းပစ်မယ်။ ကိုယ့်ရဲ့ နေ့ဟာ မှောင်မည်း မှုန်မှိုင်းနေတဲ့ အသည်းကွဲနေ့ဖြစ်တယ်။ Chat သူငယ်ချင်းတွေကို အော်ဟစ်ပြောမယ်။ ကိုယ့်အသည်းကွဲကြောင်း။ ကိုယ့်ခံစားချက်တွေဟာ ဘယ်လောက်ပြင်းထန်နေကြောင်း၊ ကိုယ့်ဘ၀ကြီးအတွက် ဒီလိုခံစားရတာ မဖြစ်သင့်ကြောင်း၊ သူတို့ ဘာစကားတွေပဲ ပြောပြော၊ ကိုယ့်ရဲ့ အသည်းကြီးအကြောင်းတော့ တစ်နည်းနည်းနဲ့ ပတ်သက်တာ ပြောရမယ်။ ကိုင်း................... အဲဒီလောက် ကိုယ် ကြိုးစားတာတောင် ကိုယ့်အသည်းကွဲတာကြီးက မပျောက်နိုင်ပါလားနော်.........။

××××××××××××
-ရွှေအောင်

Monday, December 1, 2008

ဂုဏ်ယူမှတ်တမ်း

3 comments
ကျွန်တော်ဒီစာပိုဒ်ကလေးကိုရေးဖို့တော်တော်တွန့်ဆုတ်နေခဲ့တယ်။ လမ်းပြကြယ်မြန်မာစာကြည့်တိုက်လေးဆိုတာစင်္ကာပူရောက်မြန်မာအများစုသိကြပါတယ်။ ကျွန်တော်ပြောချင်တဲ့အကြောင်းလေးက လမ်းပြကြယ် ဆိုတဲ့စာကြည့်တိုက်လေး အကြောင်းထက် ဒီစာကြည့်တိုက်မှာပါဝင်ပတ်သက်ပြီးလုပ်အားပေးနေကြတဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှများ အကြောင်းကိုပြောပြချင်တာပါ။ ဒါဆိုဘာအတွက်တွန့်ဆုတ်နေသလဲလို့ မေးရင် ဒီပါဝင်ပတ်သက်နေသူထဲမှာကျွန်တော်ကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ပါ။ ဒါပေမယ့်တရက်မှာကျွန်တော့်သူငယ် ချင်းတစ်ယောက်ရဲ့gmail custom msg မှာတွေ့လိုက်တဲ့စာသားလေးတစ်ခုကြောင့်ကျွန်တော်ဒီစာပိုဒ်လေးကို ရေးဖြစ်သွားတယ်။



တရက်ကျွန်တော်အိမ်ရောက်တဲ့အချိန် Online ပေါ်တက် သူငယ်ချင်းတွေနဲ့ Chatting ပြောနေတဲ့အချိန် မှာသူငယ်ချင်းတစ်ယောက်က သူ့ရဲ့ Custom msg မှာဘာတင်ထားလဲဆိုတော့ အလွန်စိတ်ညစ်ညူးဖွယ် OTလို့ရေးထားတာသွားတွေ့တော့ကျွန်တော်သူ့ကိုမေးလိုက်တယ်။ မင်း OT ဆင်းရင်တစ်နာရီ 17 ဒေါ်လာရတယ်မဟုတ်လားဆိုတော့..ရတော့ရပါတယ်..ဒါပေမယ့်ငါ့ကိုယ်ပိုင်ချိန်ဆို
တာမရှိတော့ဘူးတဲ့။

ဒီစကားကိုကျွန်တော်ကြားတော့ကျွန်တော်တုန်လှုပ်သွားတယ်။ ကိုယ်ပိုင်ချိန်တဲ့လား။ ငွေရရင်မနားတော့ဘူး အချိန်ပိုတွေလုပ်အုံးမှာဆိုတဲ့ရွှေမြန်မာတွေတောင် ကိုယ်ပိုင်ချိန်ကို မက်မောနေပြီလား။
ဒီစကားကိုကြားတော့ကျွန်တော်တို့လမ်းပြကြယ်အဖွဲ့သားတွေရဲ့စိတ်ဓာတ်နဲ့ပူးပေါင်းပါဝင်နိုင်မှုအပေါ် ကျွန်တော်ဂုဏ်ယူမဆုံးဖြစ်ရတယ်။ ဟုတ်တယ်လေဗျာ ကိုယ်လမ်းစရိတ်ကိုယ်စိုက်၊ ကိုယ့်စားစရိတ်ကိုယ်စိုက်ပြီး၊ ကိုယ့်ကိုယ်ပိုင်ချိန်လေးကိုဒီမှာလာပေးဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့ကိစ္စပါ။ ဒီလိုမလွယ်တဲ့ကိစ္စကိုဆောင်ရွက်ပေးနိုင်တဲ့လူတွေဟာ ဘယ်တော့မှ အောက်တန်းကျတဲ့ဘ၀ကိုမရောက်နိုင်တော့ပါဘူး။ တစ်ခါတရံမှာ စာအုပ်လာငှားတဲ့ ပုဂ္ဂိုလ်အချို့ (အင်မတန်တော့နည်းတဲ့အရေအတွက်ပါ) ရဲ့ရိုင်းပြစွာဆက်ဆံခံရမှုတွေလဲ အပြုံးမပျက်ပဲ သူတို့နားလည်သွားအောင်ရှင်းပြနိုင်ခဲ့ကြတယ်။

ဘာအကျိုးအမြတ်အတွက်မှမဟုတ်ဘဲကိုယ်နိုင်တဲ့တာဝန်လေးကိုကိုယ်ကျေကျေပွန်ပွန် နဲ့လာရောက်ကြတယ်ဆိုတော်ရုံ စိတ်ဓာတ်နဲ့ မဟုတ်ဘူးဆိုတာတော့ ကျွန်တော်အကြွင်းမဲ့ယုံတယ်။ ကျွန်တော်တို့အာလုံး ဟာတချိန်မှာဒီ့ထက်အဆများစွာကြီးမြတ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာပါဝင်ကြလိမ့်မယ်လို့ လဲမျှော်လင့်ပါတယ်။ အနည်းဆုံးမိသားစုထဲမှာတောင်ကိုယ့်ရဲ့ကိုယ်ပိုင်ချိန်လေးကို ကိုယ့်မိဘတွေ၊ ကိုယ့်ပတ်သက်ဆက်နွယ်ရာမိတ်ဆွေသူငယ်ချင်းတွေအတွက် အချိန်ပေးဖို့ သူတို့ရဲ့အခက်အခဲတွေအတွက်အနည်းဆုံးနားထောင်ပေးဖို့ အချိန်ပေးနိုင်မယ့်လူတွေ၊ ပတ်ဝန်းကျင်က ကိုယ့်ကိုလိုလားတောင့်တရတဲ့လူတွေဖြစ်လိမ့်မယ်ဆိုတာတော့ ပြောဖွယ်ရာမရှိတော့ပါဘူး။

ကျွန်တော်နောက်ထပ်သတိထားမိတာတစ်ခုက ကျွန်တော်တို့ဟာ နောက်ထပ်သောမြန်မာလူငယ်တွေ လူမှုရေးလုပ်ငန်းတွေမှာပါဝင်လာအောင် အနည်းနဲ့အများ လမ်းပြပေးနိုင်ခဲ့တယ်ဆိုတာ နာဂစ်မုန်တိုင်း အတွက်အလှူငွေနဲ့ အလှူပစ္စည်းတွေကောက်ခံ ချိန်တွေမှာ စင်္ကာပူရောက်မြန်မာများသာ မကပဲစင်္ကာပူနိုင်ငံသားတွေကတောင် ပြည်ပရောက်မြန်မာတွေရဲ့ စိတ်ဓာတ်ကိုချီးကျူးခဲ့တယ်ဆိုတာ စင်္ကာပူရောက်မြန်မာတွေ အသိဖြစ်တယ်ဆိုတာတွေ့ရမှာပါ။

နောက်ကျွန်တော်တဖြည်းဖြည်းစဉ်းစားမိတာက ဒီလမ်းပြကြယ်ဆို တဲ့စာကြည့်တိုက်လေး
ကိုမထူထောင်ခဲ့ဘူးဆိုရင် ထူထောင်ပြီးရင်တောင်ဒီလို ဆက်လက်ရပ်တည်နိုင်ဖို့ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေပူးပေါင်းပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့နိုင်ငံမှာနာဂစ်လိုဒုက္ခတစ်စုံတစ်ရာကြုံလာခဲ့ရင်ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဘယ်နေရာမှာ စုစုစည်းစည်းတိုင်ပင်မလဲ...ဘယ်လိုကူညီဖို့စည်းရုံးကြမလဲဆိုတာစဉ်းစားရင်း....

××××××××××××××

-ရွှေအောင်

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com