ကျွန်တော် လွတ်လပ်သောစိတ် (၂) မှာ အခြားမဏ္ဍိုင်တွေအကြောင်းကို ဆက်ပြီးရေးလိုပါတယ်။ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကတော့ အထူးတလည်ရေးပြနေဖို့ လိုမယ်လို့ ကျွန်တော်တော့မထင်ပါ။ အာဏာရှင်နိုင်ငံတွေမှာ သရေကွင်းဥပဒေနဲ့ တရားစီရင်ရေးရှိနေတယ်ဆိုတာတော့ အထူးမြင်သာတဲ့ အချက် တွေဖြစ်ပါတယ်။ ဥပဒေ နဲ့တရားစီရင်ရေးအကြောင်းစဉ်းစားမိတော့ ကျွန်တော်ရေးဖြစ်ခဲ့တဲ့ ကဗျာလေး ကို အ မှတ်ရလို့ ပြန်တင်ပေးလိုက်ပါတယ်။
ဆိုင်းဘုတ် တွေကပြောကြတယ်...
သူတို့မဟုတ်တာလုပ်ဖို့ ငါ့ကိုဓားစာခံရှာတာတဲ့.
ဥပဒေစာအုပ် တွေကပြောကြတယ်...
သူတို့မချစ်တဲ့သူတွေ့ရင် ငါ့ကိုသတိရသတဲ့.
ထောင်တွေက ပြောကြတယ်..
သူတို့နေရာမပျောက်ဖို့ ကြားကငထွားခါးနာရသတဲ့..
အမှန်တရားကတော့ ခပ်တိုးတိုးညည်းရှာတယ်..
ငါ့ကိုသူတို့မေ့နေကြပြီတဲ့..
ဘယ်သူတွေအမှန်တရားကို မေ့နေပါစေ အဲဒီအထဲမှာကိုကိုယ်တိုင် မပါအောင်အတတ်နိုင်ဆုံ ကြိုးစားဖို့လိုပါ တယ်။ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ရာမှာ စနစ်တွေဥပဒေတွေနဲ့တင် မပြည့်စုံပါဘူး။ ဒီစနစ်မှာ စီး မျောကြရမယ့် လူသားတိုင်းက လွတ်လပ်မှုကိုသိမှ အမှန်တရားကိုမြတ်နိုး တတ်မှ ပြီးပြည့်စုံတဲ့ လွတ်လပ်မှု ဖြစ် မှာပါ။ ဒီနေရာမှာလွတ်လပ်မှုနဲ့ ပရမ်းပတာဖြစ်မှုကိုလည်း လူတိုင်းသိဖို့လိုအပ်ပါတယ်။ အလုံးစုံ လွတ်လပ်မှု ဆို တာမျိုးကတော့ ကျွန်တော်တို့ ငယ်စဉ်က ရူပဗေဒဘာသာရပ်သင်တုန်းက ဥပဒေသတစ်ခု ထုတ်ဖို့ရာ ပတ်ဝန်း ကျင် သက်ရောက်မှုလုံးဝ မရှိတဲ့နေရာဖြစ်ရမယ့် နေရာဖြစ်ရမယ်လို့ဆိုပါတယ်။ တကယ်လက်တွေ့ အခြေအနေ မှာတော့ဒီလိုအခြေအနေ ဆိုတာဘယ်တော့ဖြစ်လာမှာမဟုတ်သလို မျှော်လင့်လို့မရတဲ့ အခြေအနေတစ်ခုပါ။ ဒီလိုပါပဲ အလုံးစုံလွတ်လပ်မှု တနည်း ပရမ်းပတာလွတ်လပ်မှုဆိုတာက တော့ကမ္ဘာတစ်ခုလုံးမှာ ကိုယ်တစ် ယောက်တည်း ရှိတဲ့အခြေအနေမှာပဲ ဖြစ်နိုင်ပါတယ်။
လွတ်လပ်တဲ့လူ့အဖွဲ့အစည်း ဆိုတဲ့အတွက်ကြောင့် အဖွဲ့အစည်းဆိုတဲ့သဘော ပါလာပါပီ။ အဖွဲ့အစည်းဆိုတာ တဦးချင်းလွတ်လပ်စွာ သဘောထားကွဲလွဲနိုင်တယ်။ ယုံကြည်ချက်ခံယူချက် တွေကွဲပြားနိုင်တယ်။ ဒါပေမယ့် တစ်ဦးအမြင်ကို တစ်ဦးလေးစားရပါမယ်။ ငါနဲ့မတူငါ့ရန်သူ မဖြစ်သင့်ပါဘူး။ ငါဒီလိုမြင်သလို သူလဲဒီလို မြင်နိုင် ပါလားဆိုတဲ့ ဘက်မျှတွေးတွေရှိရပါမယ်။ ဒီလိုအတွေးမျိုးတွေရှိရင် လွတ်လပ်တဲ့လူ့အဖွဲ့ အစည်းကို မျှော်လင့်နေ တဲ့ကျွန်တော်တို့အားလုံး ပြင်ရပါမယ်။ လူတိုင်းနီး (ကျွန်တော်အပါအ၀င်) ဟာ ကိုယ်ခံယူထားတဲ့ အမြင်တစ်ခု ကိုစွန့်လွတ်ဖို့ အရမ်းခက်ခဲပါတယ်။ ကျွန်တော်ဒီနေရာမှာလူတိုင်းနီးပါးကြားဖူးတဲ့ပုံပြင်လေးကို ပြန်ပြောချင်ပါ တယ်။ ကျွန်တောဖတ်ဖူးတာကြာပီဆိုတော့ အသေအခြာတော့မမှတ်မိတော့ဘူး။ ပုံပြင်လေးကဒီလိုဗျ။
တနေ့မှာ လူနှစ်ယောက်ခရီးတစ်ခုကို အတူသွားတယ်တဲ့။ တစ်ယောက်မှာပစ္စည်းတစ်ခုဆီပါလာတယ်တဲ့။ (ဘာပစ္စည်းတွေလဲတော့မေ့နေပီဗျ) တစ်နေရာရောက်တော့ ပစ္စည်းတစ်ခုကိုတွေ့တယ်တဲ့။ တစ်ယောက်က တော့ ပထမပါလာတဲ့ပစ္စည်းကိုချပီး နောက်တွေ့တဲ့ပစ္စည်းကိုကောက်လိုက်တယ်တဲ့။ နောက်တစ်ယောက်က တော့ အဝေးကြီးကသယ်လာတဲ့ပစ္စည်းကိုမစွန့်နိုင်လို့ မကောက်တော့ဘူးတဲ့။ ဒီလိုနဲ့ တစ်ယောက်ကတော့ တန်ဖိုးကြီးတာတစ်ခုတွေ့ရင် ပထမသယ်လာတာချ တန်ဖိုးကြီးတာကောက်ရင်း ခရီးဆုံးတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုရသွားတယ်တဲ့။ နောက်တစ်ယောက်ကတော့ ခရီးအစက ပစ္စည်းလေးပဲရှိတယ်တဲ့။ ဒါကတော့ပုံ ပြင်လေးပါ။ ဒီပုံပြင်ရဲ့အနှစ်သာရထဲကလိုပဲ ကျွန်တော်တွေရဲ့အတွေးတွေကို လွတ်လပ်နေဖို့လိုပါတယ်။ ပိုကောင်းတဲ့အယူအဆ အတွေးအခေါ်တစ်ခုရပီဆိုရင် ပထမအတွေးအခေါ်ကို စွန့်ဖို့ဝန်မလေးပါနဲ့။ ကျွန်တော်တို့ စိတ်တွေကိုလွတ်လွတ်လပ်လပ်ထားပါ။ ဘာကိုမှဆုပ်ကိုင်မထားပါနဲ့။ ပိုကောင်းတဲ့ အတွေး အခေါ် အယူအဆတွေအတွက် ဥာဏ်တံခါးကိုဖွင့်ထားပါ။
ဒီနေရာမှာအလျင်းသင့်လို့ကျွန်တော် အရမ်းသဘောကျတဲ့ အဆိုအမိန့် တစ်ခုကို မျှဝေလိုက်ပါတယ်။
“ ခင်ဗျားမှာ ပန်းသီးတစ်လုံး ၊ ကျွန်တော့်မှာ ပန်းသီးတစ်လုံး ရှိတယ်။ ပန်းသီးချင်း လဲလိုက်မယ်ဆိုရင် ခင်ဗျားမှာရော ကျွန်တော့်မှာပါ ပန်းသီးတစ်လုံးစီပဲ ဖြစ်နေလိမ့်မယ်။ အဲ ၊ ခင်ဗျားမှာ အတွေးအမြင်တစ်ခု ၊ ကျွန်တော့်ဆီမှာ အတွေးအမြင် တစ်ခု ရှိနေပြီး အဲဒါကို ဖလှယ်လိုက်ရင် ကျွန်တော်တို့ တစ်ယောက်စီမှာ အတွေးအမြင် နှစ်ခုစီ ဖြစ်လာမှာပေါ့ ” ဘားနက်ရှော
ဒါကဘာလဲဆိုတော့ သူများအတွေးအခေါ်ဝင်လာလို့ ကိုယ့်အတွေးအခေါ်တွေ ပျောက်မသွားဘူး ပိုပြီး ကောင်း တဲ့တွေးခေါ်မှုတွေ အတွက်စဉ်းစရာ ထောင့်တစ်ထောင့်ပိုလာတာပါ။ ရှုထောင့်သစ် တစ်ခုကိုသေးခြာ မစဉ်းစား ဘဲ ကိုယ်နဲ့မတူဘူးဆိုပြီး မပယ်ချလိုက်ပါနဲ့။ ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစားပါ ဆုံးဖြတ်ပါ။ တကယ်မကောင်းဘူးဆို ရင် ပယ်ပါ။ ကောင်းတယ်ဆိုရင် လက်ခံပါ။
ကျွန်တော်တို့ အာဏာရှင်တွေရဲ့ဥပဒေပြုရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေကို ဝေဖန်နေရင်ပင်ပန်းပါတယ်။ ခလေးကအစ သိသာမြင်သာတာတွေကို ဝေဖန်နေမဲ့အစား ကျွန်တော်တို့ ဘာကိုတန်ဖိုးထားမလဲ၊ ဘာတွေပြင် ဆင်ထားမလဲဆိုတာတွေကို ပိုမိုအရေးစိုက်ဖို့လိုအပ်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ စတုတ္ထ မဏ္ဍိုင် လို့ခေါ်တဲ့ စာပေနယ်မှာလဲ သူတို့ဆီကခွင့်ပြုချက် မရနိုင်တာတွေကို ရေးဖို့စဉ်းစားနေမယ့် အစား ကိုယ့်လူမျိုး တွေ လွတ်လပ်တဲ့လူဘောင်အဖွဲ့အစည်းပေါ်ပေါက်လာတဲ့ အချိန်ကျရင် ကမ္ဘာ့လူမျိုးကြီးဝါဒ ရှင်တွေနဲ့ တန်းတူ ဆက်ဆံနိုင်တဲ့ တွေးခေါ်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ပျိုးထောင်ပေးတဲ့ စာပေတွေကိုပိုပြီး အရေးစိုက်သင့် တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ကျွန်တော်တို့မြန်မာအတွက်သာမက အာရှကမ္ဘာအတွက်ပါ ဂုဏ်ယူ ရ တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ပြောခဲ့တာလေးကို တဆင့်ဖောက်သည်ချ ရင်း ကျွန်တော်တို့အားလုံး ကိုယ်ဆီလွတ်လပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
'မယဉ်ကျေးသေးတဲ့ နိုင်ငံသားချင်း ဘယ်လောက်ပဲ ကွဲလွဲချက်ရှိနေပါစေ၊ ယဉ်ကျေးပြီးဖြစ်တဲ့ အာရှတိုက်သားတယောက်ဟာ ယဉ်ကျေးပြီးဖြစ်တဲ့ ဥရောပတိုက်သားနဲ့ပဲဖြစ်ဖြစ်၊ အမေရိကန်တယောက်နဲ့ပဲဖြစ်ဖြစ် ဘာမှ မတူညီစရာ၊ ကွဲလွဲစရာ မရှိနိုင်ပါဘူး' ဦးသန့်
××××××××××××
-ရွှေအောင်


5 comments:
တော်တော်လေးကောင်းပါတယ်ဗျာ၊ ဗဟုသုတနဲ့ အတွေးအမြင်လေးတွေ ကောင်းပါတယ်။
ကျေးဇူးတင်ပါတယ် ကိုမောင်ငြိမ်း..
ကျွန်တော်ကတော့ မတူတဲ့အမြင်တွေလဲ မျှော်လင့်နေ ပါတယ်..
ခင်ဗျားမှာ ပန်းသီးတလုံးရှိတယ်။ ကျနော့်မှာ ပန်းသီးတလုံးရှိတယ်။ ခင်ဗျားပန်းသီးက အကောင်းစား (ဆယ်ဒေါ်လာတန်) ပန်းသီး။ ကျနော့်ပန်းသီးက ငါးလုံးမှ တဒေါ်လာပဲရေးရတာ။ ခင်ဗျားပန်းသီးကို ကျနော့်ပန်းသီးနဲ့ လဲလှယ်ဖို့ အသင့်ရှိပါတယ်ဗျာ...ဟဲဟဲ။
သွားလူဆိုး :P ..ကိုပေါ..
အကောင်းပြောနေရင်ဖောက်လာပီ.. :D
ပန်းသီးချင်းတူပေမဲ့ အရသာချင်းတော့ နည်းနည်းလေးကွာမယ်လို့ ထင်ပါတယ်။
Post a Comment