Monday, February 2, 2009

မလေးမစားပြုမိခြင်း


ကျွန်တော်တို့ တက္ကသိုလ် မတတ်ခင်တနှစ်က ကျွန်တော်တို့နောင်တော်တွေရဲ့ ကျောင်းသား အရေးအခင်း ဖြစ်သေးတော့ ကျွန်တော်တို့ ၁၀ တန်းအောင်ချိန်မှာ တက္ကသိုလ်တွေအားလုံးနီးပါးပိတ် ထားပါတယ်။ အဓိကက တော့လူဆိုးတွေရှိတဲ့တက္ကသိုလ်တွေကတော့ ပိတ်ထားပါတယ်။ အဲဒီအချိန်တုန်းက ဖွင့်တာဆိုလို့ မြန်မာပြည် ရဲ့ အတော်ဆုံးနဲ့ အလိမ္မာဆုံး ကျောင်းသားများမွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီး(နောင်တခေတ်ရဲ့ ဘာဆိုလားသိပါဘူး) အနည်းငယ်နဲ့ GTI ကျောင်း များသာဖွင့်တဲ့ကာလအချိန်အခါပေါ့။ ကျွန်တော်တို့ အမှန်တ ကယ်တတ်ရတော့ နှနှစ်လောက်နောက်ကျ ပြီးမှတတ်ရပါတယ်။ ကျွန်တော်တို့ထက် တစ်နှစ်စောတဲ့ ၁၀ တန်းကို ၁၉၉၆ တည်းကအောင်တဲ့ နောင်တော်တွေဆိုရင် ၃ နှစ်လောက်နောက်ကျ ပြီးမှတက္ကသိုလ် ဆိုတာကို တတ်ခွင့်ရခဲ့ကြပါတယ်။ နောင်တော်ကြီးများကလဲစောင့်ဆိုင်းရတဲ့ အချိန်တွေအကျိုးမဲ့ မဖြစ်အောင်အသုံးချ ပုံများဖြင့် အချို့ဆိုရင် သားသားမီးမီးလေး တို့ဖေဖေကြီးတာဝန်တောင်ထမ်းဆောင်နိုင်သည်ထိ အချိန်ကိုတန်ဖိုး ရှိစွာအသုံး ချနိုင်ခဲ့ကြပါတယ်။


ကျွန်တော်တို့ကျောင်းစတက်ရတော့ လည်းနိုင်ငံတော်ရဲ့ကြီးမားတဲ့စေတနာ မေတ္တာတွေကြောင့် မိဘဘိုးဘွား များနဲ့လွန်စွာမဝေးလှ တဲ့နေရာတွေမှာကျောင်းတတ်ခွင့်ရခဲ့ကြပါတယ်။ !_! ... တက္ကသိုလ်ကျောင်းသားများ ချက်ခြင်းစိတ်ကြီးဝင်မှာဆိုးတဲ့အတွက် ပထမနှစ်နှင့် ဒုတိယနှစ်မှာ သင့်တော်ရာ GTI ကျောင်းများမှာ စတင် သင်ယူစေပါတယ်။ ဆရာကအစအဆင်မပြေအောင်လုပ်ပေးထားပါတယ် (စာအရိုက်မှားတာမဟုတ်ပါ)။ ကျွန်တော်တို့တွေ ပထမနှစ်စတတ်တော့ ကျွန်တော်တို့ဟာဧည့်ကပ်မြှောင်ဘ၀နဲ့ စတင်ခဲ့ရပါတယ်။ ဧည့်ကပ် မြှောင်မှအိမ်ရှင်က မကြည်ဖြူတဲ့ ဧည့်ကပ်မြှောင်ပါ။ (ရေးရင်းတောင်ဝမ်းနည်းလာတယ်... အီးရွှတ်)။ ကျွန်တော် တို့ကို အိမ်ရှင်ကမကြည်ဖြူ။ ကျွန်တော်တို့လဲ ကိုယ်ပိုင်အိမ်ရှိပေမယ့် အဲဒီအိမ်ကို သွားခွင့်မရတဲ့ စွန့်ပယ်ခံသား လေးတွေအဖြစ်နဲ့ပေါ့။ အဲဒီအခါမှာ အပယ်ခံလူသားတွေဖြစ်တတ်တဲ့ စိတ်နားကြည်းမှုလေးတွေဟာ ကျွန်တော် တို့ရဲ့နှလုံးသားထဲ ကိုမသိမသာစိုက်ဝင်လာခဲ့ပါတယ်။


ကျွန်တော်တို့ စိတ်ဒဏ်ရာလေးတွေက တခြားပေါ်မှာဖောက်ခွဲခွင့် မရတဲ့အခါကျွန်တော်တို့ ဖောက်ခွဲစရာတွေ ကိုကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သတ်နေတဲ့ ဆရာ၊ ဆရာမလေးတွေအပေါ် ဖောက်ခွဲတတ်လာပါတယ်။ ဆရာ ဆရာမလေးတွေကလဲ တက္ကသိုလ်တွေပိတ်ထား ချိန်မှာဖွင့်တဲ့ဆရာဖြစ်သင်တန်းဆင်းလေးတွေဆိုတော့ ကျွန် တ်ာတို့နဲ့ရွယ်တူ အချို့ဆို မွေးလငယ်သူလေးတွေတောင်ပါတတ်တာ ကလဲဒီပြဿနာလေးတွေကို ဖြစ်စေခဲ့ ပါတယ်။ အခုဖြစ်ခဲ့အကြောင်းလေးက တော့ကျွန်တော်တို့ စိတ်ထွက်ပေါက်လက်လွတ်စပယ်ပေးခဲ့တဲ့ အထဲက တစ်ခုပါ။ တစ်ရက်ကျွန်တော်တို့ အခန်းကိုစာသင်ဖို့ ဆရာမလေး ရောက်လာပါတယ်။ သူကအင်္ဂလိပ်စာပြတဲ့ ဆရာမလေးပါ။ ကျွန်တော်တို့ထက် တစ်နှစ်ကျော် နှနှစ်လောက်တော့ကြီးပါတယ်။ သူအတန်းထဲဝင်လာတော့ ထော့နင်း ထော့နင်းဖြစ်နေတယ်။ ဒါကိုကျွန်တော်တို့အဖွဲ့ကြိုသိထားပြီးသားပါ။ ကျွန်တော်တို့ အချိန်မ၀င်ခင် ဆရာမလေး တခြားအခန်းမှာစာသင်နေပါတယ်။ စာသင်ရင်း ဆရာစာသင်တဲ့စင်မြင့်လေးပေါ်ကနေခြေချော် ကျပြီး ခြေထောက်အတော်နာသွားပါတယ်။


အဲဒီနေရာမှာ စာသင်တဲ့စင်မြင့်လေး အကြောင်းနည်းနည်းပြော ပြချင်ပါတယ်။ ကျွန်တော်တို့တက်ခဲ့ရတဲ့ GTI ကျောင်းက ဆရာစာသင်ရာစင်မြင့်လေးဟာ Blackboard အစွန်းနဲ့ အတူတူဖြစ်နေပါတယ်။ (နိုင်ငံတော်ငွေတွေ အလေအလွင့်နည်းပါးအောင်ချွေတာပုံရပါတယ်) ဒါကြောင့်စာသင်ရင်းနဲ့ ဆရာ၊ ဆရာမလေးတွေမကြာမကြာ ကျတတ်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေကတော့ အထာနပ်နေကြပြီးသားဆိုတော့ သူတို့တွေစာသင်ရင် Blackboard အလည်ပိုင်းမှာပဲသင်ကြပါလို့ သူတို့ကမကျတတ်ပါ။ အဲကျွန်တော်တို့ရဲ့ဆရာမလေးကတော့ အထာမနပ်တော့ စာသင်ချိန်မှာ စင်မြင့်လေးပေါ်ကကျပြီး ခြေထောက်ထော့နင်းထော့နင်း ဖြစ်နေခဲ့တယ်။ သူခြေထောက်နာနေရက်နဲ့ကျွန်တော်တို့စာသင်ချိန်ကို မဖျက်ပဲလာသင်ပေးခဲ့ပါတယ်။ သူစာသင်တဲ့စင်မြင့်လေး ပေါ်ရောက်တယ်ဆိုရင်ပဲ ကျွန်တော်တို့က တီချယ်ဂွေလိမ်နေတာလား လို့ဝိုင်းနောက်လိုက်ပါတော့ ဆရာမလေး ခမျာမျက်နှာတစ်ခုလုံး နီရဲပြီး စာမသင်ပဲပြန်ထွက်သွားခဲ့လို့ ကျွန်တော်တို့ အဲဒီနေ့ကအင်မတန်ပျော်ခဲ့ပါတယ်။
နောင်ကျွန်တော်တို့အတန်းတွေကြီးလာပြီး ပြဿနာတစ်ခုရဲ့အတိမ်အနက်ကိုကျွန်တော်တို့ နည်းနည်းတွေး တတ်တဲ့အရွယ်ရောက်မှ ကျွန်တော်တို့လုပ်ရပ်တွေမှားခဲ့တယ်။ ရှက်စရာကောင်းခဲ့တယ်ဆိုတာ ကျွန်တော်ကိုယ် တိုင်သိလာခဲ့ပါတယ်။ အမှန်တော့ ကျွန်တော်တို့ရော အဲဒီနေ့က ဆရာမလေးရောဟာ စနစ်ရဲ့သားကောင် တွေ အဖြစ် နေခဲ့ရတယ်။ သွားလာရုန်းကန်ခဲ့ရတယ်။ မပျော်ဘဲကျင်လည်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့မကျေနပ်ချက် တွေကို သားကောင် အချင်းချင်းပေါ်မှာ ဖောက်ခွဲခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော် သားကောင်အချင်းချင်း အပေါ်စာနာတဲ့နှလုံးသား ကြည်လင်တဲ့မျက်လုံးနဲ့ကြည့်ဖြစ်အောင်ကြိုးသွားမယ်လို့ ဒီပို့စ်လေးနဲ့အတူ တချိန်က ဆရာမလေးကို မလေးမစားပြုမိတဲ့အပေါ်တောင်ပန်းရင် ဂတိပြုပါတယ်။
××××××××××××
-ရွှေအောင်

3 comments:

uranusaquarian on Thursday, February 05, 2009 2:09:00 PM said...

ဟယ်၊ အဲဒါ ငါမသိလိုက်ပါလား၊ ကြည့်ရတာ အဲဒီနေ့ကလည်း ငါကျောင်းပြေးတယ်နဲ့တူပါရဲ့။ အကျင့်တွေတော့ ပေါ်ကုန်ပါပြီ။ အဟီး၊ ငါကကျတော့ ဆရာ အင်မတန်လုပ်ချင်လှသော (သူကတော့ စနစ်ရဲ့သားကောင်မဟုတ်လောက်ဘူး၊ သူက ပျော်ပျော်ကြီး အသုံးခံနေတဲ့ ယန္တရားဖြစ်မယ်) drawing ဆရာပေါက်စလေးကို ကြပ်ပစ်ခဲ့တယ်။ တချို့တချို့သော ရှတတလေးတွေပေါ့ဟယ်.......

Ko Paw on Friday, February 06, 2009 4:08:00 PM said...

ခွင့်လွှတ်ပါတယ်…သားရယ်…. ပုံ- မာမီပေါ။

Shweaung on Monday, February 09, 2009 9:57:00 AM said...

ကုမ်ရာသီသူ.... ကျောင်းပြေးကြောင်းပေါ်လွင်သွား ပါ၏
ရှတတလေး တွေကတော့ရှတတလေးတွေပေါ့........

မာမီပေါ.......... သားကိုခွင့်လွှတ်လို့ကျေးဇူးပါတယ်.. သားသားလေရွှေအောင်

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com