Tuesday, April 14, 2009

သူငယ်ချင်းသို့


သူငယ်ချင်းရေ...
မနက်အိပ်ယာနိုး ရေချိုးပြင်ဆင်ပြီး အိမ်ကထွက် မသွားချင်လဲသွားရတဲ့ အလုပ်ဆီကိုသွားဖို့ MRT ဆိုတဲ့စီးတော် ယာဉ်ဆီအသွား သူငယ်ချင်းတစ်ယောက်က ဖုန်း စာတိုလေး ပို့လိုက်လို့ဖွင့်ကြည့်လိုက်တော့ ဗွမ်း...ဗွမ်း... ဗွမ်း. တဲ့။ ငါ့ရင်ထဲမှာတမျိုးကြီး ခံစားလိုက်ရတယ်ကွာ။
ဩော်...ဒီနေ့ဆို ငါတို့ရွှေပြည်ကြီးမှာ သင်္ကြန်အကျနေ့ပါလား..မင်းကောရေကစားဖြစ်လား။ မေးမယ့်သာ မေးရတာပါ ငါတို့အရွယ်က ရေကစားတဲ့အရွယ်မှ မဟုတ်တော့တာ။
ငါတောင် သင်္ကြန်ဆိုတဲ့အငွေ့အသက်နဲ့ဝေးတာ ၂ နှစ်ရှိပြီလေ။ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြရတဲ့ ငါတွေအားလုံး သင်္ကြန်ဆိုရင်တော့ ရွှေပြည်ကိုသတိရကြစမြဲလေ။ငါအပါအ၀င် ငါ့သူငယ်ချင်း တွေအားလုံးနီးပါတူညီတဲ့ အချက်က နိုင်ငံခြားဆိုတာကို အခြေအနေတရပ်ကြောင့်ခေတ္တရပ်တည်ရာ နေရာ တစ်ခုထက်မပိုကြပါဘူး။ ဒီကတိုက်ခန်းကြီးတွေဘယ်လောက်ကျယ်ဝန်းခမ်းနားနေပါစေ မိသားစု နွေးထွေးမှု အပြည့်နဲ့ ဓနိမိုးထရံကာအိမ်လေးလောက် လုံခြုံမှုမရှိသလိုခံစားရတယ်ကွာ။ ဒီမှာ အထူးတလည်ခမ်းခမ်းနားနား ကျင်းပတဲ့ နိုင်ငံတကာနှစ်ကူးပွဲက ရွာက အုန်းလက်မဏ္ဍာပ်လောက် ငါ့ရင်ကို မဆွဲဆောင်နိုင်ဘူး။ သူတို့ပြင်ဆင် ထားတဲ့ ဒေါ်လာသိန်းပေါင်းများစွာနဲ့ ပြင်ဆင်ထားတဲ့ အခင်းအကျင်းတွေက တစ်ယောက်တစ်လက် ၀ိုင်းကူပီး ဆောက်ထားတဲ့ အုန်းလက်မဏ္ဍာပ်လို အနှစ်သာရတွေမရှိဘူးကွ။ လူတွေအားလုံးရွေ့လျားသွားလာနေကြတဲ့ ဒီက နှစ်ကူးပွဲက ငါ့ရွာသင်္ကြန်လောက် ပျော်စရာမကောင်းဘူးလို့ထင်ခဲ့တဲ့ငါ။ အခုတော့လဲ ဒီနေရာမှာ ပျော်အောင်နေ နေရပီလေ။
လူတွေက ငါ့ကိုပြောကြတယ်။ မင်းကတော့ ရောက်ရာနေရာပျော်တယ်နော်တဲ့။ ငါပြုံးပဲနေလိုက်ပါတယ်။ သူတို့မှ ငါ့ရင်ထဲကိုမှမမြင်နိုင်တာ။ လူတိုင်းကိုလဲ ငါရှင်းပြမနေချင်ဘူး။ လူတိုင်းက ငါပျော်နေတယ်လို့ထင်ရင် ငါကဟန်ဆောင်နေလို့လား။ ဒီလိုတော့လဲမဟုတ်ပါဘူး။ ငါလေ အမှန်ဆိုဖုန်ထူ ခြင်ကိုက်တဲ့ ငါ့နေရာသေးသေး လေးထဲမှာပဲ နေချင်ခဲ့တာပါ။ နွားခြေရာခွက်မှာပျော်တဲ့ ဖားသူငယ်လိုပဲလို့ မင်းတို့ပြောရင်လဲ ခံရမှာပါလေ။ ဒီလိုအချိန် ဒီလိုရာသီမှာဆို ပိုပီးတော့လွမ်းတယ်။ ပိုပီးပြန်ချင်တယ်။ အမှန်ဆိုငါရေမကစားတာ ဒီနှစ်ပါဆို လေးနှစ် ရှိပီလေ။ ဒါပေမယ့်ကွာ သူများတွေကစားနေတာတွေကြည့် တူးပို့သီချင်းတွေ နားထောင်နေရတာကို က ကျေနပ်စရာမဟုတ်လား။
အခုတော့ငါတို့တွေက တယ်လီဖုန်းကုမ္ပဏီက ပေးတဲ့ sms ဆိုတဲ့စာတိုဝန်ဆောင်မှုလေးကနေ Bwan.. Bwan.. Bwan... I fall water to you. :) ဆိုတာလေးနဲ့ပဲ ဒီနှစ်ကူးကို ကျေနပ်နေရတယ်ကွာ.... ဒီစာတိုလေးက မပြင် အင်္ကျီကိုမဆိုပေမယ့် ငါ့ရင်ထဲကို ရွဲရွဲ နှစ်သွားစေပါတယ်ကွာ....
သူငယ်ချင်းအားလုံးကိုသတိရလျက်...
×××××××××
-ရွှေအောင်

4 comments:

thetpaingthu on Tuesday, April 14, 2009 3:05:00 PM said...

Bwan.. Bwan.. Bwan... ma see tar kyar pi... nay kg lar

minneain on Sunday, April 19, 2009 10:00:00 PM said...

ပျော်ရာမှာ .... မနေရ .... တော်ရာမှာ နေရ .......... ဒီဘ၀ ဒီအခွင်.အေ၇း ....................
လူတိုင်း ကြုံဘူးကြလိမ်.မည်......................
ဥတုရာသီ....................

သန်းထွန်းလေးသီချင်းပါဗျာ...........

ရွာသားလေးဝိုင်တီယူ on Thursday, April 23, 2009 4:09:00 PM said...

ကိုရွှေအောင်ရေ ဆီပုံးပျောက်နေလို့ ဒီမှာပဲလာအော်ပါတယ်ဗျာ။ ရောက်တယ်ဆို နှုတ်ဆက်စကားလေးတော့ ပြောပေးပါဗျာ။ ကော့မန့်မပေးလည်းရပါတယ်။

နတ်သမီး on Saturday, April 25, 2009 11:50:00 PM said...

လာလည်တာ ကျေးဇူးတင်ပါတယ်..
အရမ်းလွမ်းသွားတယ်.. တကယ်ပါ..
:(

မြန်မာ့ဂုဏ်ဆောင်

မြန်မာ့ဂုဏ်ဆောင်

လူထုခေါင်းဆောင်

လူထုခေါင်းဆောင်

ဒီလတော့ဒီလောက်ရှိပြီ

 

စိမ်းလန်းသောမြေ. Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Blogger Template by Bloganol dot com