ဖြစ်တည်လာသောတဲ့…
သူငယ်ချင်းမင်းအိမ်ဖြူကTag လာလို့ကျွန်တော့်မှာ မရေးမနေရေးပေးရမှာပေါ့။ ကျွန်တော်က စာတွေသာဖတ်တာ ကွန်မင့်လဲသိပ်မရေး ကိုယ်တိုင်လဲစာမရေးတတ် ဘလော့တကာလျှောက်လည်ရင်လဲ ခြေရာပျောက်လည်တာဆို တော့ ဘလော့သူငယ်ချင်းလဲမရှိ (သူငယ်ချင်းဘလော့ဂါပဲရှိပါတယ်)။ စာရေးလဲမကောင်းတော့ ကိုယ့်ဘလောက် လဲသူငယ်ချင်းတွေကဟိုကျော်ဝင် ဒီကျော်ဝင်လုပ်ဖို့ ကြားခံတခုပဲသဘောထားတာမဟုတ်လားဗျ။ ဂုဏ်ဖော်တာ ဟုတ်ဘူးနော်။ အတည်ပြောနေတာ။ ဒီတော့ ဘလော့က်ဂါတွေရဲ့ Tag ယဉ်ကျေးမှုမှာကျွန်တော်မပါတာ ဆန်းတော့မဆန်းပါဘူး။ ဒါကကျွန်တော့်ရဲ့ပထမဆုံး Tag ဆိုပါတော့။
ကဲကဲ အခုတော့ စိမ်းလန်းသောမြေဆိုတာ လေးဖြစ်တည်လာပုံကိုပြောပါ့မယ်။ ဘလောက်လိပ်စာကား www.shweaunglan.blogspot.com ပါတဲ့။ ဘလော့နာမည်လေးကတော့ စိမ်းလန်းသောမြေပါတဲ့။
ကျွန်တော်ဘလော့ကလေးကိုစလုပ်ဖြစ်တာက သူများတွေနဲ့နဲနဲကွဲတယ်ခင်ဗျ။ ဒီလိုဆိုတော့သိပ်များထူးခြားနေ လိမ့်မလားရယ်လို့အတွေးတွေစူးရောက်နေအုံးမယ်။ ဖြစ်ပုံကဒီလို။ ကျွန်တော့်အလုပ်သဘာဝ အရ ကွန်ပြူတာ ရှေ့တနေ့ရှစ်နာရီ မထိုင်ချင်လဲထိုင်ရ ထိုင်ချင်လဲထိုင်ရတော့ ရွှေမြန်မာတို့ထုံးစံအတိုင်း Gmail လေးဖွင့်ထားတာ ပေါ့။ Gmail ဆိုလို့ Internet မှာအလကားရတဲ့ email ပေါင်းများစွာထဲမှာ ကျွန်တော်တို့ရွှေနိုင်ငံတော်ကြီးက Gmail လေးတစ်ခုပဲ အဆင်ပြေတာမလား။
အဲဒီတော့လဲအဲဒါလေးကိုပဲ သုံးရင်းကနေ Gmail လေးကိုချစ်လာ တယ်ပြောရမလားပဲလေ။ ဒီကနေပဲ သူငယ်ချင်းတွေရ။ ဒီကနေပဲ အချို့ကိစ္စလေးတွေဆွေးနွေးကြ အဝေးတနေရာ ကသံယောဇဉ်လေးကို လဲဒီ Gmail ကလေးကနေပဲ လွမ်းလိုက်ဆွေးလိုက် ပြောလိုက်ဆိုလိုက်နဲ့မဟုတ်လား။ ဒီလိုနေရင်း Gmail ထဲ ကဟိုဟာလေး ၀င်ကြည့်ဒီဟာလေး ၀င်ကြည့်ရင် အမှတ်မထင် blogspot ဆိုတာလေးကိုတွေ့သွားတာဗျ။ ဟားဟား ပြောရရင်တော့ဗျာ လက်ဆော့လို့ရလာတဲ့ Blog လေးတစ်ခုပေါ့။
ဒါဆို နာမည်ဘယ်လိုပေးလိုက်လဲ။ ဟဲဟဲ သိဘူးဗျ။ နာမည်ပေးရမယ်ဆိုတော့ ကျွန်တော့်ထုံးစံ အတိုင်းပေါ့ဗျာခက်ခက်ခဲခဲစဉ်းစားလိုက်တာ ကျွန်တော့်ချစ်သူ နာမည်တစ်လုံး(Shwe) ကျွန်တော့်နာမည် တလုံး(Aung)ပေါင်းပီး ပေးလိုက်တာ။ ဘယ်ကဘယ်လို (Lan)ပါသွားတယ် ဆိုတာ ကျွန်တော်မျိုး ငရွှေအောင်လေးမသိရိုးအမှန်ပါ။ လုပ်လိုက်တိုင်းလွဲတတ်တဲ့ကျွန်တော့် အကျင့်ကြောင့်ပဲဆိုပါတော့။ ဒါကလိပ်စာ အပိုင်းပါ။ ဒီလိပ်စာနဲ့ blog လုပ်ထားတာကြာပီ ဘယ်တုန်းကဆိုတာကိုမမှတ်မိတော့တာ။ လျှောက်လုပ်ရင်းရတဲ့ လိပ်စာဆိုပါတော့။ ဘာမှလဲမရေး ဘာမှလဲမလုပ်တဲ့လိပ်စာဆိုပါတော့။
နောက်ကျတော့ ဖတ်နေကြဘလော့က်တွေအသစ်တင်မတင် အမြဲပဲ ၀င်ဝင်ကြည့်နေရတော့ ဘလော့က်တခုလုပ် လင့်ချိတ်ထားရင် ဖတ်နေကြဘလော့က် အသစ်တင်ရင်တန်းသိမယ်.. ကိုယ်ကြိုက်တဲ့စာတွေကို သိမ်းထားလို့ရ မယ်ဆိုပြီးတွေးမိလို့ ဘလော့က်လေးလုပ်မယ်ဆိုလုပ်တော့မှ ကိုယ့်မှာဘလော့က်လိပ်စာရှိနေပြီးသားသွားတွေ့ တာ။ အဲဒီအချိန်မှာ အမှန်ဆိုဘလော့က်လိပ်စာယူထားတာတောင်မေ့နေပီ။ ကဲရှိပီးသားလိပ်စာမှာပဲ လုပ်တော့ မယ်ဆိုတော့ ဘလော့က်နာမည်ပေးရမယ့်အပိုင်းရောက်လာပီ။
အဲဒီအခါမှ နာမည်ကိုစဉ်းစားတာဗျို့။ ဒါလဲ ခက်ခက်ခဲခဲလားဆိုတော့ဟဲဟဲ။ ဟုတ်ဘူးဗျ။ ကျွန်တော်က ကိုယ့်နိုင်ငံလေးကိုချစ်တယ်။ အဲဒီကရာသီဥတုလေး ကိုနှစ်သက်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အပင်တွေဆိုအရောင်စုံမရှိဘူးလေ။ ဘယ်အချိန်ကြည့်ကြည့် အစိမ်း ရောင်တွေပဲမြင်ရတယ်။ ရွက်ကြွေချိန်နီးရင်တောင်အရောင်ပြောင်းချိန်ခဏပဲ။ အချို့နိုင်ငံက အပင်ပေါ်က အရွက်တွေက ရာသီအလိုက် အရောင်ပြောင်းကြတာမဟုတ်လား။ ဒီတော့ ကျွန်တော့်တို့ နိုင်ငံပေါ်လေယာဉ် ဆင်းဖို့နီးပီဆိုတာနဲ့ အရင်ဆုံးမြင်ရတာ စိမ်းစိုနေတဲ့ သစ်ပင်တွေ စိမ်းဆိုနေတဲ့ စပါးပင်တွေပဲစပြီးမြင်ရတယ်လေ။ ဒါကြောင့် ကျွန်တော်ချစ်တဲ့နိုင်ငံလေး ကျွန်တော်ချစ်တဲ့အမိမြေလေးကို ကျွန်တော်က စိမ်းလမ်းတဲ့မြေလေးလို့ ချစ်စနိုး ခေါ် သလိုကျွန်တော့်ဘလော့က်လေးကိုလဲ စိမ်းလန်းသောမြေလို့ပေးလိုက်ကြောင်းပါ။
ဘလောက်အိမ်ဆောက်နည်းကိုတော့ ဘလောက်ဂါဆရာကြီး ကိုပေါ ကိုယ်တိုင်သင်ပြပေးပါကြောင်းနဲ့ လှအောင်ပအောင် စုံစီနဖာရှိအောင် ကတော့ ပြင်းရှတဲ့ဝိုင်တခွက် က ပြင်ဆင်ပေးခဲ့ပါကြောင်း..
သူငယ်ချင်း မင်းအိမ်ဖြူ ကျေနပ်မယ်လို့ထင်ပါတယ်..
ကျွန်တော့်သူငယ်ချင်း ရှင်သန်ခြင်း နဲ့ ထနောင်း ကိုဆက်လက်ပီး တာဝန်ပေးလိုက်ပါတယ်.. ရေးလေရော့
××××××××
-ရွှေအောင်

3 comments:
Tag ကလေးကို အချိန်ပေးပြီးရေးတာ ကျေးဇူးပါ ကိုရွှေအောင်(လံ) (တော်သေးရဲ့ နသတ်နဲ.မလန်တာ)
ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ချစ်တဲ့ သူငယ်ချင်းကို တော့လေးစားပါတယ် ၊၊ ချစ်ပေမယ့် အဲဒီမြေမှာ ရှိမနေနိုင်တဲ့ သူငယ်ချင်းအတွက်လည်း အမှန်တကယ် စိတ်မကောင်းပါဘူး
တချို.တွေ က နိုင်ငံခြားဆိုတဲ့ ဆီကိုလာမယ် ဆိုပြီး ပြင်ဆင် စိတ်ကူးလာသူတွေ
တချို.တွေက အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ရောက်လာသူတွေ
ပျော်ရာမှာ မနေ တော်ရာမှာ နေရတဲ့ ကျွန်တော်တို. ဘ၀တွေ တစ်နေ.မှာ ကိုရွှေအောင်လံ ရဲ့ ဘလော့နာမည်လေး လို စိမ်းလန်းသောမြေ ရွှေနိုင်ငံ ဆီမှာ ပျော်ပျော်ပါးပါး နိုင်ငံနှင့် လူမျိုး ကောင်းကျိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ လို. ဆုမွန်တောင်း ပါတယ် ဗျာ
ရည်းစားနဲ့လည်း ကွဲသွားပြီးမှတော့ နာမည်မှာ ရွှေကိုဖြုတ်လိုက်ပါတော့ အကောင်အို (အဲမှားလို့) အကိုအောင် ခင်ဗျ။
လာလည်သွားတယ် ကိုရွှေအောင်။ ဘလော့လောကထဲ မျက်စိလည်ပြီးရောက်လာပြီးရင် ပြန်မထွက်နိုင်အောင် စွဲတတ်တယ်နော်။ ခါတိုင်းလည်း ကျွန်တော် လာလည်ပေမဲ့ စာတွေမဖတ်ရဘူး။ ကျွန်တော့်သုံးနေတဲ့ စက်မှာ စာတွေက အတုံးကလေးတွေပဲပေါ်လို့။ အခုတခြားစက်ကနေ၀င်မှ စာဖတ်ရတယ်ဗျ။ ဒါကြောင့် လာမနှုတ်ဆက်ဖြစ်ရင် တမျိုးမထင်နဲ့နော် ။ ရေပိုက်သမားဟာသကို သဘောကျတယ်ဗျာ။ ထိတယ်
Post a Comment